Monday, 4 July 2011

ကိုယ်ပိုင်ရှုထောင့်မှ မြန်မာပြည်ကိုတွေ့ရှိခြင်း (၁)

ကွဲလွဲချက်များရဲ့ အဖြေကိုရှာကြည့်ခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ရေးသားခဲ့တဲ့ မောင်ကျောင်းသားရဲ့ အတွေးများကို ကျွန်တော်ဖတ်ကြည့်ပြီးတော့ စိတ်ထဲမှာ ကွဲလွဲလာတာလေးတွေကို ပြန်တင်ပြချင်ပါတယ်။

တကယ်တော့ မြန်မာပြည်ရဲ့ သမိုင်းမှာ သူ့ကျွန်မဖြစ်ခင်နဲ့ ကျွန်ပြုခံခဲ့ရတဲ့ အချိန်မှစပြီး ယနေ့အချိန်အထိ လိုအပ်ချက်တခု (တနည်းအားဖြင့် အားနည်းချက်တခု) ကတော့ စည်းလုံး ညီညွတ်မှုလို့ ကျွန်တော့်အနေနဲ့ လက်ခံထားပါတယ်။ လွတ်လပ်ရေးအတွက် မြန်မာမျိုးချစ်လူငယ် တစုက ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခေါင်းဆောင်မှုအောက်မှာ တသွေးတည်းတသားတည်း စည်းလုံးညီညွတ်စွာနဲ့ အပင်ပန်း ဆင်းရဲခံပြီး တိုင်းပြည်လွတ်လပ်အောင် ကိုယ်ကျိုးစွန့် စတေးခဲ့ကြတယ်။

မြန်မာနိုင်ငံကြီး တရားဝင်လွတ်လပ်ရေး ရခါနီးမှာ မသမာသူတွေ အာဏာလုလိုသူတွေ ဉာဏ်ရည်နိမ့်ပါပြီး ရေရှည်အကျိုးကို မကြည့်တတ်သူတွေက ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် မြန်မာပြည်ရဲ့ လူတော်တွေကို လုပ်ကြံရာက စပြီး တိုင်းပြည်ရဲ့ ကံကြမ္မာက ကပြောင်းတိကပြောင်းပြန် ဖြစ်လောက်အောင် ပြောင်းလဲသွားပါတော့တယ်။ စည်းလုံး ညီညွတ်မှု အားနည်းခဲ့တဲ့ မြန်မာပြည်ကို ဗိုလ်ချုပ်အောင်ဆန်းက ပြောင်းလဲပေးနေတာမှ အခြေမခိုင်သေးခင် ခေါင်းဆောင်ကြီး လုပ်ကြံခံလိုက်ရတော့ တိုင်းပြည်ဟာလဲ အရင်ကလိုပဲ ခွေးမြီးကောက် ကျီတောက်စွတ် ပြန်ဖြစ်ခဲ့ရပြန်တယ်။ အစစ်အမှန် လွတ်လပ်ရေးရပြန်တော့လဲ လွတ်လပ်ရေးရအောင်ကြိုးပမ်းမှုမှာ ပါဝင်ခဲ့တဲ့ လူငယ်တွေက သူတို့သာ နိုင်ငံ့ခေါင်းဆောင်ပိုင်းမှာ တာဝန်ယူသင့်တယ်လို့ စိတ်ကြီးဝင်ခဲ့ကြတယ်။ အမှန်တော့ တိုင်းပြည်မှာ ဘယ်သူ ခေါင်းဆောင်လုပ်တယ်ဆိုတာ အရေးမကြီးပါဘူး တကယ်လိုအပ်တာက ခေါင်းဆောင်လုပ်သူတွေဟာ ခေါင်းဆောင်တယောက် ဖြစ်သင့်ဖြစ်ထိုက်ရဲ့လား ခေါင်းဆောင် တယောက်ရှိသင့်တဲ့ အရည်အချင်းမျိုးရှိကြရဲ့လား ဆိုတာပါ။ ထိုအချိန်က လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့ကြတဲ့ လူငယ်ခေါင်းဆောင်တွေဟာ မိမိတက်ရောက်လေ့လာနေတဲ့ တက္ကသိုလ်၊ ဒီကရီ ကျောင်းတွေကို မပြီးပြတ်သေးခင် ကျောင်းကိုကျောခိုင်းပြီး လွတ်လပ်ရေးအတွက် လုပ်ခဲ့ကြရတာဖြစ်လို့ သူတို့အနေနဲ့ ပညာအရေအချင်းဘက်မှာ ပြည့်စုံ့တယ်လို့ မဆိုနိုင်ပါဘူး။ လွတ်လပ်ရေးရပြီးတော့ အစိုးရဖွဲ့ကြတဲ့အခါမှာလဲ ထိုလူငယ်ခေါင်းဆောင်တွေက မိမိ ပညာအရေအချင်းနဲ့ တာဝန်ယူလုပ်ဆောင်နိုင်သည် မနိုင်သည်ကို မကြည့်ပဲ အာဏာအရာသာကို ခံစားတက်မက်ပြီး ရာထူး အာဏာတွေကို ဆုပ်ကိုင်လာကြပါတယ်။ ပညာရည်မပြည့်ဝတဲ့ အုပ်ချုပ်သူတွေ ညှိနှိုင်းဆောင်ရွက်ချင်စိတ် မရှိတဲ့ အုပ်ချုပ်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ အစိုးရဖြစ်သော ပြည်သူများရဲ့ အားကိုးယုံကြည်မှုကို ရရှိထားတဲ့ ဖဆပလပါတီဟာ အာဏာလုမှုတွေကြားမှာ နှစ်ခြမ်းကွဲခဲ့ရပြီး စည်းလုံးညီညွတ်မှု ပျက်ပြားခဲ့ရပါတယ်။ တိုင်းပြည်ရဲ့ ကံဆိုးမှုက ဤမျှနဲ့ မပြီးသေး  . . . အာဏာရပါတီ နှစ်ခြမ်းကွဲလို့မှ အားမရသေးပဲ ဆိုရှယ်လစ်ဝါဒီ နှင့် ကွန်မြူနစ်ဝါဒီတို့ကလဲ မြန်မာပြည်သား အချင်းချင်း ရန်သူများသဖွယ် တွေ့ရာသင်္ချိုင်းဓါးမဆိုင်းပဲ သတ်ကြဖြတ်ကြပြန်သေးသည်။ ထိုသို့ တိုင်းပြည် အကွဲကွဲ အပြဲပြဲဖြစ်နေချိန်မှာ တပ်မတော်က အာဏာသိမ်းလိုက်တော့သည်။ တပ်မတော်က အာဏာသိမ်းလိုက်ပြီး ရောင်စုံလက်နက်ကိုင် သောင်းကျန်းသူများကို တဆင့်ချင်းခြေမှုန်းခဲ့သည်။ ပြည်သူများ စိတ်နှလုံး ငြိမ်းအေးကြကုန်ပြီလော့။
မထင်ပါနှင့် . . . သောင်းကျန်းသူများ ဆိုးရွားစွာ ထင်တိုင်းကြဲနေသဖြင့် မိမိ အသက်ကို ဖက်နဲ့ထုပ်ထားသလို ခံစားနေရသော ပြည်သူများမှာ တပ်မတော်က အာဏာသိမ်းပြီး သောင်းကျန်းသူများကို နှိမ်နင်းလိုက်သဖြင့် စိတ်ပူပန်မှုများ ပြေပျောက်မည်မှ မကြံသေး တပ်မတော်မှ စီးပွားရေးလုပ်ငန်းများကို ပြည်သူပိုင်သိမ်းလိုက်သဖြင့် မိအေး နှစ်ခါခံ ဘဝရောက်တော့သည်။ တပ်မတော်ကို ထိုအချိန်က ဦးဆောင်သူမှာ နိုင်ငံကျော် ဗိုလ်နေဝင်း ဖြစ်၏။ အရည်အချင်းမရှိသော ဉာဏ်ရည်နည်းပါးသော အကြံပေးသူများ၏ ပေးသမျှ အကြံကို လိုက်လံ အကောင်အထည်ဖေါ်သော ဗိုလ်နေဝင်းမှာ မည်မျှ အသိဉာဏ် နည်းပါးမည်နည်း။ မိမိထင်ရာလုပ်တတ်သော မိမိကိုယ်ကျိုးကိုသာ ရှေ့တန်းတင်တတ်သော ဗိုလ်နေဝင်း၏ လက်ထဲတွင် မြန်မာနိုင်ငံသည် အဖက်ဖက်မှ ချွတ်ချုံကျခဲ့ရသည်။ ပြည်သူများ စားဝတ်နေရေး ကြပ်တည်းလာပြီး လူထု အုံကြွမှုများ ဖြစ်ပေါ်လာရန် ကြမ္မာဖန်လာတော့သည်။ ထိုအရာကား အများသိသော ၈၈ခုနှစ် အရေးအခင်းပင်ဖြစ်၏။ ထိုအရေးအခင်းသည် သာမန် လက်ဖက်ရည်ဆိုင်တွင် ဖြစ်ပွားခဲ့သော ရန်ပွဲလေးကို အကြောင်းပြုကာ တနိုင်ငံလုံး အတိုင်းအတာထိ ဆန္ဒပြ သပိတ်မှောက်မှုအထိ ဖြစ်ပွားခဲ့သဖြင့် ထိုအချိန်က ပြည်သူများ၏ ပေါက်ကွဲလာသော ခံစားချက်များကို မြင်ယောင်မိမည်ဟုထင်ပါသည်။ ပြည်သူများ၏ စိတ်တွင် မည်သည့် အစိုးရကိုမှ မယုံကြည်တော့သိလို မအောင်မြင်သော ဆိုရှယ်လစ်စနစ်ကိုလဲ မနှစ်သက်ကြတော့ပေ။ သူတို့သည် ပြောင်းလဲမှုကို တမ်းတနေကြသည် လိုအပ်နေကြသည်။ တချိန်တည်းတွင် နိုင်ငံ့ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည်လည်း နိုင်ငံရပ်ခြားတွင် နှစ်ကာလကြာ နေထိုင်ရာမှ မြန်မာပြည်သို့ အလည်ပြန်လာခိုက်နှင့် ကြုံကြိုက်နေရာ ပြောင်းလဲမှုအသစ်လိုချင်နေသော ပြည်သူများ၏ စိတ်အတွင်းသို့ နိုင်ငံရေးဝါဒ တခုထည့်ပေးလိုက်လေသည်။ ထိုအရာကား ဒီမိုကရေစီ . . .

(ဆက်ပါဦးမည်)

No comments:

Post a Comment